သရက် မေ ၃
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရက်မြို့သို့ရောက်ရှိပြီး သရက်မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်သည့် (၁၆၈ ပေ × ၈၆ ပေ × ၁၇ ပေ) လူဦးရေ ၆၀၀ဆံ့ သရက် ခရိုင်ခန်းမသစ် တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဆာင်ရွက်ကာ ကံမမြို့သို့ ဆက်လက်ထွက်ခွာသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် မွန်းလွဲ ပိုင်းတွင် ကံမမြို့နယ်သို့ ရောက်ရှိပြီး မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် နတ်မီးတောက်-ပုထိုး မြေသားလမ်းခင်းခြင်း လုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး မြို့နယ်ခန်းမတွင် တွေ့ဆုံပွဲ ပြုလုပ်ဆောင်ရွက်ရာ သရက်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ ကံမမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက ဒေသဆိုင်ရာ အချက်လက်များနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က လမ်းပမ်းဆက်သွယ်ရေး၊ ရေရရှိရေး တို့အား ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ပညာရေး၊ ကျန်းမာရေး အားကစားနှင့် လူငယ်ရေးရာ ဖွံ့ဖြိုးရေး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား EIA စနစ်ဖြင့် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရန် ကျေးလက်နေပြည်သူများ၏ ဘဝမြင့်မားရေးအတွက် အဓိကထား ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း၊ ဌာနအသီးသီး၌ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ အောင်မြင်စေရန် တီထွင်ကြံဆ ထိုးဖောက်လုပ်ကိုင်ကြရန်နှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေး အတွက် စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။
ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွတ်စုကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး မဒေးဆည်ရေသောက် နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ စပါးအထွက်နှုန်း ကောင်းမွန်စေရေး၊ နွေစပါးအောင်မြင်ဖြစ်ထွန်းရန်အတွက် မျိုးကောင်းမျိုးသန့် သုံးစွဲရန်လိုအပ်ပြီး စိုက်စနစ်များ၊ ဓာတ်မြေဩဇာများကို အချိုးကျစွာထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ ဓာမြေဩဇာ မှာ ဈေးနှုန်းကြီးမြင့်နေ၍ မသုံးစွဲနိုင်သူများအနေဖြင့်လည်း သဘာဝဓာတ် မြေဩဇာများကို အသုံးပြု ၍ အထွက်တိုးအောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား အချိုရည်ဗူးများဝေငှခဲ့ပြီး ဆရာတော်အား ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။