မကွေး မေ ၅
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန(၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်း အနားကို မေလ ၅ ရက် ယနေ့နံနက် ၇ နာရီအချိန်က မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဂုဏ်ပြုစစ်ရေးပြတပ်ခွဲမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော မီးသတ်တပ်ဖွဲ့ဝင်များအား အလေးပြုခြင်း အစီအစဉ်များဆောင်ရွက်ခဲ့ပြီး၊ စစ်ရေးပြတပ်ခွဲမှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သစ္စာအဓိဌာန် (၄) ချက်အား ရွတ်ဆိုခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း များကို ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရှေးခေတ်မီးသတ်သမားကြီးများနှင့် မျက်မှောက်ခေတ် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် မီးသတ်လုပ်ငန်း ဆိုင်ရာများအား စွမ်းအားပြည့် တာဝန်ထမ်းဆောင်နေကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအားလုံးကို ဂုဏ်ပြုလိုသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မီးသတ်လုပ်ငန်း၏ သဘောသဘာဝသည် တစ်ဦးတစ်ယောက်ထဲ လုပ်မရဘဲ လူအများက ပေါင်းစပ် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၍ စုပေါင်းစွမ်းအားဖြင့်သာ မီးဘေးအန္တရာယ်ကိုထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့် အညီ ရည်မှန်းချက်တာဝန် (၄)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပြည်သူများအား မီးများသုံးစွဲရာတွင် အသိတရားနှင့်ယှဉ်ပြီး သတိထား သုံးစွဲစေရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စည်းရုံးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ နည်းစနစ်မှန်ကန်စွာအမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ရမည် ဖြစ်သည့် အတွက် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့အလုပ်တွင် ကျွမ်းကျင်မှုရှိရန် လိုအပ်သည့် အပြင် နိုင်ငံတော်၏တိုးတက်ပြောင်းလဲလာသည့် အခြေအနေများနှင့်အညီ အနာဂတ်စိန်ခေါ်မှုများအား ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ လက်ရှိအခြေအနေနှင့် အနာဂတ်ကာလကို မျှော်မှန်းပြီး အသွင် သဏ္ဍန်ရော အနှစ်သာရပိုင်းမှာပါ ပြုပြင်ပြောင်းလဲနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အား Men Power ၊ Equipment Power နှင့် Technological Power များဖြင့် ဟန်ချက်ညီအောင် တည်ဆောက် သွားကြရမှာဖြစ်ကြောင်း၊ မီးသတ်သမားများသည် ဘေးဒုက္ခ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ နေသူတိုင်းအား မိမိတို့ အသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်ရသဖြင့် တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရသူ၊ အသက်ပေးသွားသူ တပ်ဖွဲ့ဝင်များအား အလေးပြု ဦးညွတ်၍ အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများ အား အနိုင်ယူကြပါလို့ ဂုဏ်ပြုပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်မှုများ ကို လက်တွေ့သရုပ်ပြသဆောင်ရွက်ရာ ဟိုတယ်၊ မိုတယ်များရှိ အခန်းများတွင် အလိုအလျောက် မီးငြှိမ်းသတ်သည့် နည်းစနစ်ထည့်သွင်း အသုံးပြုခြင်းဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး လျော့နည်းပုံအား လက်တွေ့သရုပ်ပြသခြင်း၊ အထပ်မြင့် အဆောက်အအုံများတွင် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်း သတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များဖြင့် အထပ်မြင့်အဆောက်အအုံအား မီးငြှိမ်းသတ်ခြင်း နှင့် လူများအား ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်း၊ဆီသိုလှောင်ကန်(Tank Fire)မီးလောင်မှုအား မိုဘိုင်းမီးငြှိမ်းသတ် ယာဉ်ဖြင့် မီးငြှိမ်းသတ်မှုတို့အား လက်တွေ့ သရုပ်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။