မကွေး မေ ၇
မကွေးတိုင်းဒေသကြီး (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကားပြောကြားသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က (၂၃) ကြိမ် မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မားမှု ပိုမိုတိုးတက်ဖြစ်ထွန်းရေး၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် သစ်တည်ဆောက်ရာတွင် အနုသုခုမ ဂီတပညာဖြင့် တစ်တပ်တစ်အား ပါဝင်လက်တွဲ ဆောင်ရွက်ရေး ရည်ရွယ်ချက်များဖြင့် ပါဝင်ယှဉ်ပြိုင်ရန်ဖြစ်ပါကြောင်း၊ မြန်မာတိုင်းရင်း သားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ (၁၁)ခုဖွဲ့စည်း တာဝန်ပေးအပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး(၂၃)ကြိမ် မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မကွေးတိုင်းဒေသကြီးမှ အနုပညာရှင်များ မွေးထုတ်ပေးနိုင်ရေး အတွက် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုသဖြင့် တာဝန်အသီးသီးကို တိုင်းဒေသကြီး တစ်ခု တည်းအနေဖြင့် ကြိုးပမ်းသည်ထက် ခရိုင်အသီးသီး၏ ပါဝင်ကူညီအားဖြည့်မှုဖြင့် ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်၍ ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ အနေဖြင့် မိမိကျရာတာဝန်ကို အောင်မြင်အောင်ပီပီပြင်ပြင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး (၂၃) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ၊ ဥက္ကဌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်မှ ကော်မတီ များ ဖွဲ့စည်းထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များမှ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား အသီးသီးရှင်းလင်း တင်ပြခဲ့မှု အပေါ် ဆို၊က၊ရေး၊တီး ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။