မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့၊ အမှတ်(၁)၊(၃)၊(၄) အခြေခံပညာ ကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့၊ အမှတ်(၁)၊(၃)၊(၄) အခြေခံပညာ ကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

မကွေး   မေ   ၂၆

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ် အနေဖြင့် မေလ ၂၆ ရက်နေ့မှ စတင်၍ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခြင်း စတင် လက်ခံ ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယနေ့ နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁)၊ (၃)၊ (၄)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍  ကျောင်း သား /ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း  ပန်းဟေဝန် ခန်းမ၌ ကျောင်းသား/သူများ ကျောင်းအပ်လက်ခံပေးနေမှုအား ကြည့်ရှုအားပေးရာ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦးက ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရာတွင် အဆင်ပြေ ချောမွေ့စွာ အပ်နှံနိုင်ရေးအတွက် ဆရာ/ဆရာမများက ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ သင်ရိုး သစ်ဖြင့် ပညာသင်နှစ်အလိုက် ပြောင်းလဲသင်ယူရမည့် အတန်းများနှင့် သင်ရိုးဟောင်း အတန်းများ အား ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ သိရှိနိုင်ရေးအတွက်  ဆောင်ရွက်ထားရှိသည့် အခြေအနေ များနှင့် ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူများအား ပညာသင်နှစ်အလိုက် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးသုံး ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(Mask)များ၊ Face Shield များ ထောက်ပံ့ ပေးနေမှုများနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအပ်နှံသည့် ကျောင်း သား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။ 

မကွေးတိုင်းဒေသကြီးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရမည့် ကျောင်း သား/ကျောင်းသူဦးရေမှာ(၃)သိန်း(၅)သောင်းကျော်ခန့်ရှိပြီး မေလ(၂၆)ရက်နေ့ ကျောင်းအပ်လက်ခံ ခြင်း စတင်ဆောင်ရွက်သည့်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများအလိုက် ကျောင်းအပ်နှံမှု အနေဖြင့် မူလတန်း(၈၇၇၇၈)ဦး၊ အလယ်တန်း(၂၉၁၅၃)ဦး၊ အထက်တန်း(၉၁၇၁)ဦး စုစုပေါင်း ကျောင်းသား / ကျောင်းသူ(၁၂၆၁၀၂)ဦး လာရောက်အပ်နှံကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။

နောက်ဆုံးရ သတင်း