မကွေး ဇွန် ၁
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မကွေးတိုင်းဒေသကြီးဘဏ်ခွဲ၏ ၂၀၂၂-မိုး စိုက်ပျိုးစရိတ် ချေးငွေများ အဆင်ပြေစွာထုတ်ချေးနိုင်ရေးနှင့် ၂၀၁၇-မိုး မှ ၂၀၂၁-မိုး ချေးငွေအထိ ကြွေးကျန်(NPL) များ ထိရောက်စွာ ကောက်ခံရှိရေးဆိုင်ရာ ရှင်းလင်းတင်ပြဆွေးနွေးပွဲကို ဇွန်လ ၁ ရက်နေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က စိုက်ပျိုး စရိတ်ချေးငွေများ အဆင်ပြေစွာ ထုတ်ချေးရေးနှင့် ကြွေးကျန်(NPL)များ ထိရောက်စွာ ကောက်ခံရရှိ ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး ဦးမင်းသူက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန် (NPL) ကျန်ရှိမှု အခြေအနေနှင့် တိုင်းဒေသကြီးမန်နေဂျာမှ မကွေးတိုင်းဒေသကြီး၏ ၂၀၂၂-မိုး ချေးငွေ ထုတ်ချေးပြီးစီးမှု၊ကြွေးကျန်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲ တို့က အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က တောင်သူလယ်သမားဘဝမြင့်မားရေး အခက်အခဲများ ပြေလည်စေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို စေတနာထားပြီး ထုတ်ချေး ပေးထားပါကြောင်း၊ ယခင်က သီးနှံစုံကို သောင်းဂဏန်းလောက်သာ ထုတ်ချေးခဲ့ပြီး ယခုအခါ နိုင်ငံတော်က သိန်းဂဏန်းအထိတိုးမြှင့် ထုတ်ချေးပေးထားပါသဖြင့် တောင်သူများအတွက် အထောက်အကူများစွာ ရရှိပါကြောင်း၊တောင်သူများမှ စိုက်ပျိုးစရိတ်ချေးငွေကို ငွေချေးပြီးလျင် ပြန်ဆပ်ရမည်ဆိုသည့် အသိဝင်လိုကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်ရေးအတွက် တောင်သူများကို နားလည်သဘောပေါက်အောင် ရှင်းပြစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လည်း ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များကို စိုက်ပျိုးစရိတ်ချေးငွေ ပြေကျေရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ယခုလိုကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲမှာ အလွန် ကောင်း၍ ဌာနဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကြောင့် စိုက်ပျိုးစရိတ်ချေးငွေများ ကောက်ခံရရှိရေး ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။