မကွေး ဇွန် ၅
၂၀၂၂ခုနှစ်၊ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၅ ရက် ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာများ၊ အလွတ်တန်း ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ဆုရပုဂ္ဂိုလ်များ၊ ကျောင်း သား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့နေထိုင်ရာ ကမ္ဘာ မြေကြီး၏ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ ညစ်ညမ်းလာမှု ပြဿနာများကို ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းနိုင်ရေးအတွက် ၁၉၇၂ ခုနှစ်၊ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ကမ္ဘာနိုင်ငံအသီးသီးရှိ နိုင်ငံ ခေါင်းဆောင်များစုဝေးပြီး ကမ္ဘာ့ပထမဆုံး ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံဖြစ်သည့် ကုလသမဂ္ဂ လူသားနှင့် ပတ်ဝင်းကျင်ညီလာခံအား ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း (၅၀)ပြည့်မြောက် ခဲ့ပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း များအပေါ် အာရုံစူးစိုက်မိလာစေရန်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပြဿနာများအနက် နှစ်စဉ် အလိုက်ဖြစ်ပွားနေသည့် အရေကြီးပြဿနာရပ်များအား ပိုမိုသိရှိကာ အလေားထား ဖြေရှင်းဆောင် ရွက်နိုင်ရေးအတွက် နှစ်စဉ်အလိုက် အထိမ်းအမှတ် ဆောင်ပုဒ်များ သတ်မှတ်၍ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းနားများအား ကျင်းပ ရခြင်းဖြစ်ပြီး၊ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ ဆောင်ပုဒ်မှာ “တစ်ခုတည်းသော ကမ္ဘာမြေ(Only One Earth)” အဖြစ် သတ်မှတ်ထားပြီး သဘာဝတရားနဲ့အညီ ရေရှည်တည်တံ့ခိုင်မြဲစွာ နေထိုင်ရန်လိုအပ်သည့်အပြင် ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ် ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များမှာ လူသားတိုင်း ပါဝင်ဆောင်ရွက်ရေး တိုက်တွန်းနှိုးဆော် ထားကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ အနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျုဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေး အတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်သိမ်းရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ၂၀၂၂ခုနှစ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုကလစ် ပြသခဲ့ပြီး မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်း ဆောင်း ပါးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သူအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအား လည်းကောင်း၊ ဒုတိယဆုရရှိခဲ့သူအား မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း က ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ နှစ်သိမ့်ဆုရရှိခဲ့သူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး၊ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ခင်းကျင်းပြသထားသော ပြခန်းအားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။