မကွေး ဇူလိုင် ၅
၂၀၂၂ခုနှစ်၊ မကွေးတက္ကသိုလ် အထူးပြုဘာသာရပ်အလိုက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင်လ ၅ ရက် ယနေ့နံနက် ၉ နာရီအချိန်က မကွေး တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ မကွေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးနှင့် ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/ ကျောင်းသူ များ တက်ရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်း အသီးသီးတို့တွင် အားကစားပြိုင်ပွဲများကို ကျင်းပ ဆာင်ရွက်လျက် ရှိပြီး၊ တိုင်းဒေသကြီး ကိုယ်စားပြု၊ နိုင်ငံကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွန်းလာစေ ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားသည့် လူတော်လူကောင်းများ ဖြစ်လာစေ ရေး၊နှင့် ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရေးကို ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အားကစားကဏ္ဍကို အလေးပေးဆောင်ရွက်လျက်ရှိသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးတက္ကသိုလ် အထူးပြုဘာသာရပ် အလိုက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မကွေးတက္ကသိုလ် ဓာတု ဗေဒဌာနအသင်းနှင့် ဘူမိဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ ဓာတုဗေဒ ဌာန အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မကွေးတက္ကသိုလ် အထူးပြုဘာသာရပ်အလိုက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အထူးပြုဘာသာရပ်အလိုက် အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲ တွင် ပထမဆု ရရှိခဲ့သော ဓာတုဗေဒဘာသာရပ်အသင်း၊ ဒုတိယဆုရရှိသော ဘူမိဗေဒ ဘာသာရပ် အသင်း နှင့် တတိယဆုရရှိသော ဥပဒေဘာသာရပ် အသင်းတို့အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ မကွေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ် ဆွဲပြား များနှင့် ဆုကလပ်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများတွင် ကျန်းမာကြံ့ခိုင်သည့် ခန္ဓာကိုယ်၊ ရွှင်လန်းတက်ကြွသည့် စိတ်ဓာတ်နှင့်အတူ အားကစားနည်းအလိုက် သတ်မှတ်ထားတဲ့ စည်းကမ်း ဥပဒေများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ခြင်း၊ စည်းကမ်းရှိခြင်း၊ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားခြင်း၊ တစ်ဦးကို တစ်ဦးချစ်ခင်ခြင်း၊ တန်ဖိုးထားခြင်း၊ နားလည်ပေးနိုင်ခြင်း၊ စုပေါင်းလှုပ်ရှားတတ်ခြင်း၊ ရိုင်းပင်းဖေးမကူညီခြင်း စသည့်ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် အားကစားပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲများကို ဆက်လက်၍ ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။