မကွေးမြို့ နည်းပညာတက္ကသိုလ်(မကွေး)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ် ဆေးဝါးအန္တရာယ်နှင့် ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောပွဲ အခမ်းအနားကို သြဂုတ်လ ၁၅ ရက် ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ဇနီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနဲ့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆွေးနွေးဟောပြောပို့ချမည့် ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
#ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က “ယနေ့လူငယ် နောင်ဝယ် လူကြီး”ဆိုသည့်အတိုင်း လူငယ်များ အသိပညာကြွယ်ဝဖို့ဟာ အနာဂါတ်နိုင်ငံတော်အတွက် အလွန် အရေးကြီးပါကြောင်း၊ “အသိပညာပေးဟောပြောပွဲ”မှာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း၊ မူးယစ်ဆေး ဝါးနဲ့ ဥပဒေအကြောင်းသိကောင်းစရာတွေကို ဟောပြောပို့ချမှာ ဖြစ်တယ်လို့ သိရပြီး၊ မကွေးတိုင်းဒေ သကြီးမှာ(၁၀)နှစ်အတွင်း ယာဉ်အစီးရေ(၁.၃၆)ဆတိုးလာခဲ့၍ ယာဉ်မတော်တဆမှုတွေ များလာ နိုင်တာလည်းဖြစ်ပါကြောင်း၊ အစိုးရအနေနဲ့ အသိပညာပေးတာတွေ၊ စစ်ဆေးတာတွေ၊ အပြစ်ပေး အရေးယူရတာတွေ လုပ်ရကြောင်း၊ ဒီလို လုပ်ရတဲ့ အထဲမှာ အသိပညာပေးတာဟာ အသက်သာဆုံးနဲ့ အထိရောက်ဆုံး လုပ်ငန်းလည်းဖြစ်ပါကြောင်း၊ ဗဟုသုတအနေနဲ့ ပြောရမယ်ဆိုရင် မကွေးတိုင်း ဒေသကြီးမှာ(၂၀၂၃)ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း (၂၉၄)ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ဒဏ်ရာရတဲ့သူ (၄၀၀)ကျော်၊ သေတဲ့သူ (၁၅၀)ကျော်နဲ့ ဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်း(၁၂၀၀)ကျော်ရှိခဲ့ပါကြောင်း၊ ဒီဖြစ်ပွားမှုတွေကို ဆန်းစစ်ကြည့်တဲ့အခါ ယာဉ်မောင်းစည်းကမ်းမရှိလို့ဖြစ်တာ(၉၄%)ကျော်၊ လမ်းကူး သူပေါ့ဆတာကြောင့်ဖြစ်တာက (၄%)ကျော်၊ ယာဉ်ချို့ယွင်းတာကြောင့် ဖြစ်တာက(၂%) နီးပါး၊ လမ်းချို့ယွင်းလို့ ဖြစ်တာက အနည်းငယ်ရှိတာ တွေ့ရကြောင်း၊ မူးယစ်ဆေးဝါးကလည်း လူတွေကို အတော်ဒုက္ခရောက်စေပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကမ္ဘာတစ်ဝန်း၌ ကြီးထွားနေဆဲဖြစ်ပါကြောင်း၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးအောင်ဖန်တီးလျက်ရှိသကဲ့သို့ ကမ္ဘာပေါ်ရှိ နိုင်ငံများကိုပါ ခြိမ်းခြောက်အန္တရာယ်ပြုလျက်ရှိနေသဖြင့် နိုင်ငံအချင်းချင်း လက်တွဲပူးပေါင်း ချိတ်ဆက်၍ ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းလျက် ရှိတာကို တွေ့ရကြောင်း၊ မျက်မှောက်ကာလတွင် ဘိန်းကို အခြေခံထုတ်လုပ် သည့် ဆန်းပြားသောမူး ယစ်ဆေးဝါး အမျိုးမျိုးတို့ ကျယ်ပြန့်စွာ ထိုးဖောက် ဝင်ရောက်နေတာကို သတိပြုရမှာဖြစ်ပါကြောင်း၊ ယနေ့အချိန်အထိ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး အထူးစစ်ဆင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သလို ဖော်ထုတ်နေဆဲပဲဖြစ်ပါကြောင်း၊ ဒီမူးယစ်ဆေးဝါး ဆိုတာဟာ စမ်းသပ်လို့ ကောင်းတဲ့ အရာမဟုတ်သလို၊ စွဲလမ်းစေတာကြောင့် အသိ၊ သတိနဲ့ စဉ်းစားပြီး ရှောင်ရှားကြစေလိုပါကြောင်း၊ ဥပဒေအကြောင်းနဲ့ ပတ်သက်လို့ ဥပဒေဟာ အလွန် အရေးပါတဲ့ အချက်ဖြစ်ပြီး ပြည်သူတွေအားလုံးက လူ့ကျင့်ဝတ်နဲ့ အညီ နေထိုင်လုပ်ကိုင် နေကြမယ် ဆိုရင် ဥပဒေတွေ ပေါ်ပေါက်လာမှာ မဟုတ်ကြောင်း၊ ဥပဒေအကြောင်း သိသင့် သိထိုက်သလောက် သိထားဖို့လဲ လိုပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်တို့ အနေနဲ့ လူငယ်ဘဝမှာ အခုလို ကျင်းပတဲ့ ပွဲတွေကနေ အသိပညာတွေများစွာ ရှာမှီးကာ၊ စာအုပ် စာပေတွေကနေလည်း လေ့လာ သင်ယူကြပါလို့ တိုက်တွန်းလိုပါကြောင်း၊ ဒါမှ အသိပညာ၊ အတတ်ပညာတွေနဲ့ ပြည့်ဝတဲ့ စဉ်းစားတတ်တဲ့ လူကောင်းလူတော်တွေ ဖြစ်လာကြပြီး အနာဂါတ်ရဲ့ နိုင်ငံတော်ကို အကောင်းဆုံး ဖြစ်အောင် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး သယ်ပိုး ဆောင်ရွက် နိုင်အောင် ကြိုးစားသွားကြရန် ပြောကြားသည်။
#ဆက်လက်၍ နည်းပညာတက္ကသိုလ်(မကွေး)မှ ဒေါက်တာတင်ဆန်းက ပွဲကျင်းပရခြင်း အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူတို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း သိကောင်းစရာ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် ဥပဒေအကြောင်း သိကောင်း စရာများကို ဆွေးနွေးဟောပြော ပို့ချခဲ့ကြောင်း သိရသည်။