မကွေး နိုဝင်ဘာ ၂၇
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမား (မောင်/မယ်)များအား ဩဝါဒစကားပြောကြားခြင်းနှင့် အောင်နိုင်ရေး အလံ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်း/ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတိုင်းဒေသကြီး အားကစား အောင်နိုင်ရေး ကော်မတီဝင် များ၊ တိုင်းဒေသကြီးကိုယ်စားပြု အားကစားနည်းအလိုက် လက်ရွေးစင်အသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်သည်။
ရှေးဦးစွာ အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ဗိုဗီနမ် အသင်းမှ သရုပ်ပြသပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဩဝါဒစကား ပြောကြားရာတွင် စတုတ္ထ အကြိမ် အမျိုးသားအားကစားပွဲတော်တွင် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားအဖွဲ့သည် ရွှေတံဆိပ် (၂၁) ခု၊ ငွေတံဆိပ် (၁၄) ခု၊ကြေးတံဆိပ် (၁၈) ခုဖြင့် စတုတ္ထအဆင့် နေရာတွင် ရပ်တည် ခဲ့သည့်အတွက် ယခု ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်လည်း မကွေးတိုင်းဒေသကြီး အနေဖြင့် ဆုတံဆိပ်များစွာ ရရှိအောင် ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် အကောင်းဆုံး ဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြဖို့ လိုအပ်ပါကြောင်း၊ အားကစားနည်းအလိုက် အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၏ စိတ်ဓါတ်ခွန်အားများ ကြံ့ခိုင်သန်မာ လာစေရန် တွန်းအားပေးဖို့က မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တာဝန်ဖြစ်သလို အားကစား အောင်မြင်ဖို့ ကာယဉာဏပိုင်းကတော့ နည်းပြများနှင့် အားကစားသမားများ၏ တာဝန်ဖြစ်ပြီး အားလုံးဝိုင်းဝန်း ကြိုးစား ဆောင်ရွက်မှသာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် မိမိတို့ မကွေးတိုင်း ဒေသကြီးအတွက် အောင်မြင်မှုဆိုတဲ့ အဆင့်တစ်နေရာကို ပိုင်ဆိုင်မှာဖြစ်ပြီး အောင်မြင်မှုများ ရရှိပါကလည်း မိမိတို့အနေဖြင့် ထိုက်တန်သော ဂုဏ်ပြုချီးမြှင့်မှုများကို ပြုလုပ်ဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး၏ စည်းလုံးမှု၊ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓါတ်နဲ့ စည်းကမ်းရှိမှုများကို ပြသရင်း ဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်ပေးမည် ဆိုသည့် စိတ်ဓါတ်ကို အားကစားသမားများ၏ နှလုံးသားတွင် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူပြီး ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်၌ ဆုတံဆိပ်များစွာရရှိအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် မြန်မာ့သိုင်း အသင်းမှ သရုပ်ပြသပြီး မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြိုင်ပွဲနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် ထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့် အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြနှင့်ကစားသမားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ဆက်လက်၍ အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ဝူရှူး အသင်းမှ သရုပ်ပြသခဲ့ပြီး အမှတ်တရစုပေါင်းမှတမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
အဆိုပါ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ပြည်တောင်စုနယ်မြေ၊ နေပြည်တော်၌ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး အနေဖြင့် အားကစားနည်း (၂၃)မျိုးတွင် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား စုစုပေါင်း (၄၂၀) ဦး ဖြင့် သွားရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။