မကွေး ဒီဇင်ဘာ ၁၁
စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်း သားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှု လေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွား လာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် မကွေးမြို့နယ်၊ အုန်းတွဲကျေးရွာရှိ ပညာ့အလင်း စာကြည့်တိုက် အဆောက် အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက အဆိုပါစာကြည့်တိုက်၌ ကျင်းပသည်။
ဦးစွာ စာကြည့်တိုက်အဆောက်အအုံသစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီး အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေး ရာ ဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများကလည်း လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးကြစေ လိုကြောင်း၊ အလားတူ စာကြည့်တိုက်မှူးများအနေဖြင့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှားလုပ်ငန်း များအား စနစ်တကျ ဆောင်ရွက်ကြရမှာဖြစ်သလို ငှားရမ်းသူများအနေဖြင့် စာအုပ်၊ စာစောင်များ ပျက်စီး ပျောက်ဆုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရမှာဖြစ်ပြီး စာအုပ်စာစောင်များ ယခုထက် ပိုမိုတိုးပွားစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ဖို့လိုအပ်ပါကြောင်းနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေဖို့အတွက် စာကြည့်တိုက်သို့ သွားရောက်ပြီး စာပေ ဖတ်ရှု လေ့လာစေခြင်း၊ အသိပညာ ဗဟုသုတများကို ကူးယူရေးမှတ်စေခြင်း၊ ဆွေးနွေးတိုင်ပင်စေခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်ဖို့ လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာကြည့်တိုက်ဖွင့်ပွဲတွင် ဖျော်ဖြေပေးခဲ့သည့် ဒိုးပတ် အဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး စာကြည့်တိုက်နှင့် ပတ်သက်သည့် အချက်အလက်များအား အောင်ပဒေသာ ဆောက်လုပ်ရေးကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးဇော်ကိုက ပေးအပ်ရာ မကွေး မြို့နယ်၊ စာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက လက်ခံရယူခဲ့ပြီး စာကြည့်တိုက်ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကာ တက်ရောက် လာကြသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကစာကြည့်တိုက်ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကာ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများ ဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ပညာ့အလင်း စာကြည့်တိုက် အဆောက်အအုံသစ်အား မြန်မာနိုင်ငံ စာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီက ခွဲဝေပေးသည့် ငွေကျပ် သိန်း(၁၅၀)ဖြင့် တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက် အဆောက်အအုံသစ် (၂၁)တိုက်အား တည်ဆောက်ပေးသွားမည်ဖြစ်ရာ ယခုစာကြည့်တိုက် အပါအဝင် စုစုပေါင်း စာကြည့် တိုက်(၁၀)တိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။